Discover
တက္ကသိုလ်သမိုင်းအကျဉ်း
Chindwin Comprehensive University (CCU) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဌာန၏တက္ကသိုလ်အဖြစ် ရပ်တည်သည့် (Public University) အများပြည်သူနှင့် သက်ဆိုင်သောတက္ကသိုလ်ဖြစ် သည်။ တက္ကသိုလ်မှ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတက္ကသိုလ် (Autonomous University) အဖြစ်စီမံဆောင်ရွက်ပါသည်။ တက္ကသိုလ်သည် တက္ကသိုလ်ရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသား/ သူ ဟောင်းများနှင့် တိုက်ရိုက်သက်ဆိုင်သည်။ ပညာရပ်စုံပါဝင်သောတက္ကသိုလ် (Comprehensive University) ဖြစ်သည်။ ပြည်သူ့ အာဏာအား လက်နက်အားကိုး မတရားလုယူထားသော အကြမ်းဖက်စစ်ကောင်စီသည် လူသားတို့၏ မွေးရာပါ ရရှိရထိုက်သော လူ့အခွင့်ရေးအားလုံးချိုးဖောက်၍ လက်နက်ဖြင့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်လျက်ရှိနေပါသည်။ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များ သတင်းအချက်အလက်မရရှိစေရန်၊ ပညာသင်ကြားခွင့် သင်ယူခွင့်များ Internet မရရှိစေရန် သတင်းဆက်သွယ်ရေးကို ဖြတ်တောက်ထားပါသည်။ အင်တာနက်ဖြတ်တောက်ခံထား ရခြင်းကြောင့် အခြားဒေသများရှိ ကျောင်းသား/ သူများကဲ့သို့ Online ပညာသင် စနစ်မရရှိပဲ ပညာသင်ကြားခွင့် များ ဆုံးရှုံးနေမှုများကိုဖြည့်ဆည်းရန်အတွက်၊ ကျောင်းသားလူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အ တွက်၊ ပြည်သူ့အစိုးရ၊ တော်လှန်ရေးအစိုးရ၏ ယန္တရားလည်ပတ်နိုင်ရန် ကြိုးစားဆောင် ရွက်လျက်ရှိနေပါသည်။ တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်တွင် တိုင်းပြည်ကို စနစ်တကျပြန်လည် တည်ဆောက်နိုင်ရန်နှင့် ပြန်လည်ကုစားနိုင်ရန်အတွက် ရည်ရွယ်ပါသည်။
မြေပြင်တွင်သင်ကြားပေးနိုင်သော အဆင့်မြင့်ပညာသင်တက္ကသိုလ် ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၂၂ မှစတင် ကြိုးစားခဲ့ပြီး ဇန်နဝါရီ ၅-၂၀၂၃ တွင် ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း နှင့် အလွတ်သဘောစတင်ဆွေးနွေးခဲ့ပြီး ဇန်နဝါရီ ၆ – ၂၀၂၃ တွင် အဆင့်မြင့်ပညာဖွင့်လှစ်သင်ကြားနိုင်ရန် အသေး စိတ်ကို စတင်ဆွေးနွေးခဲ့ပါသည်။ ဇန်နဝါရီ ၂၁-၂၀၂၃ မြေပြင်အစည်းဝေးအောင်မြင်စွာတွေ့ဆုံဆွေးနွေး နိုင်ခဲ့ပြီး Chindwin University Committee အဖွဲ့ဝင် ၉ ဦးဖွင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်း၏ အကြံပြုချက်အရ ဆရာအတတ်သင် သင်တန်းကျောင်း TTC ဖွင့်လှစ်နိုင်ရန်ကြိုးစား နေသော တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၂၂ -၂၀၂၃ တွေ့ဆုံပြီး အဆင့်မြင့်ပညာကဏ္ဍ ပူးပေါင်းအကောင်ထည်ဖော်ရန် သဘောတူညီချက်ဖြင့် ဇန်နဝါရီ ၂၃ -၂၀၂၃ တွင် အခြေခံနှင့် အဆင့်မြင့်ပညာ ဆရာဆရာမများနှင့် မြေပြင်အစည်းဝေး အောင်မြင်စွာကျင်းပခဲ့ပြီး ပညာရပ်စုံပါဝင်သော Chindwin University Committee အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
(၂၁-၁-၂၀၂၃ မှ ၂၃-၁-၂၀၂၃) နေ့များတွင် အဆင့်မြင့် ပညာမှ CDM ဆရာ/မများ၊ တော်လှန်ရေးအင်အားစု ခေါင်းဆောင်များ၊ အခြေခံပညာရေးမှ မြို့နယ်၊ ခရိုင်ဘုတ် အဖွဲ့ဝင်များနှင့် ဒေသခံအုပ်ချုပ်ရေးတာဝန်ယူထားသူများ စုပေါင်းပြုလုပ်ခဲ့သောမြေပြင်အ စည်းအဝေးမှ Comprehensive University အဖြစ် သင်ကြား-သင်ယူမှုများ ဆောင်ရွက်နိုင်ရန် တာဝန်ယူဖော် ဆောင်ရန် ပေါ်ပေါက်လာပါသည်။ ထိုမြေပြင်အစည်းဝေးမှ အဆင့်မြင့်ပညာသင်တက္ကသိုလ်ဖြစ်ပေါ်လာရေး လုပ်ဆောင် ရမည့်မူဝါဒနှင့် လုပ်ငန်းစဥ် ၁၅ ချက်ကို ချမှတ်နိုင်ခဲ့ပါသည်။
မေလ ၈- ၂၀၂၃ တွင် တက္ကသိုလ်ကော်မတီ ၁၁ ဦးတွင် TTC ဖွင့်လှစ်နိုင်ရန်ကြိုးစားနေသော အင်အားစုများမှ ကိုယ်စားလှယ် 4 ဦီး ထပ်မံအားဖြည့်၍ စုစုပေါင်း ၁၅ ဦး ဖြင့် မြေပြင်တက္ကသိုလ်အား Chindwin Comprehensive University – CCU Committee အားဖွဲ့စည်းခဲ့ပါသည်။
CCUသည် ကျောင်းသားကျောင်းသူများ၏ အနာဂတ်ပညာရေးခိုင်မာစေရန်နှင့် တက္ကသိုလ်ရေရှည် တည်တန့်ခိုင်မာရေးကိုရှေ့ရှု၍ တက္ကသိုလ်ပဋိဥာဥ် University Charter ကို ဖေဖော်ဝါရီ ၆ -၂၀၂၄ တွင် တက္ကသိုလ် နှင့် သက်ဆိုင်သောလူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များညီလာခံ University (CCU)’s Stakeholders Conference ကို ခေါ်ယူ ၍ ညီလာခံ၏အတည်ပြုချက်ဖြင့်ပြဌာန်းခဲ့ပါသည်။
သတ်မှတ်ထားသော ပညာသင်နှစ်အောင်မြင်ပြီးမြှောက်သော ကျောင်းသား/ သူများအား သက်ဆိုင်ရာ ဘွဲ့ဒီဂရီ အသီးသီးကို တက္ကသိုလ်၏တရားဝင်အသိမှတ်ပြုအပ်နှင်းနိုင်ရန်အတွက် တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်း ချက်အတိုင်း ကောင်စီအဖွဲ့ဝင်များကို ဒီမိုကရေစီနည်းကျရွေးချယ်တာဝန် အပ်နှင်းပါသည်။ ထို့နောက်တက္ကသိုလ် ၏ လုပ်ငန်း ဆောင်တာများကို တရားဝင်ဦးဆောင်ရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တက္ကသိုလ်ကောင်စီ၏ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးတို့ကို တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်းချက်အတိုင်း ကောင်စီအဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၁၂ -၂၀၂၄ တွင် ဒီမိုကရေစီနည်းကျ ရွေးချယ် တာဝန်အပ်နှင်းပါသည်။
ဖေဖော်ဝါရီ ၂၈/၂၉ -၂၀၂၄ တွင် တက္ကသိုလ်ပဋိဥာဥ်ပါပြဌာန်းချက်မှ တရားဝင်အပ်နှင်းထားသောတာဝန်အရ တက္ကသိုလ်ကောင်စီမှ ဘွဲ့နှင်းသဘင်ကိုကျင်းပပြီး ဘွဲ့အပ်နှင်းခဲ့ပါသည်။ ထို့ကြောင့် CCU မှပေးအပ်သောဘွဲ့သည် တက္ကသိုလ်ပဋိဥာဥ်မှ ပေးအပ်သောဘွဲ့ဖြစ်ပါသည်။ CCU သည် ဒေသနှင့် တိုင်းပြည် လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် လိုအပ်သော ပညာရပ်များတိုးချဲ့ သင်ကြားပေးနိုင်အောင်ဆက်လက်ဆောင်ရွက်မည် ဖြစ်ပြီး တိုးတက်ကောင်းမွန် သောလူမှုအသိုက်အဝန်းအား တည်ဆောက်နိုင်သည့်လူငယ်မျိူးဆက်များ ပေါ်ထွန်း လာစေမည်ဖြစ်သည်။

ရည်ရွယ်ချက်
ကြားကာလအတွက်
အသွင်ကူးပြောင်းရေးကာလအတွက်
အနာဂတ်ကာလအတွက်

Mission (ရည်မှန်းချက်)
- ချင်းတွင်းပညာရပ်စုံတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသ(ဖက်ဒရယ်ယူနစ်)အတွင်း ပြည်သူကို ကိုယ်စားပြု ပညာရေးဝန်ဆောင်မှုပေးမည့် အများပြည်သူနှင့်သက်ဆိုင်သော ပညာရပ်စုံပါရှိသော အဖွဲ့အစည်းဖြစ်သည်။
- ဒေသ(ဖက်ဒရယ်ယူနစ်)အတွင်း အပေါင်းလက္ခဏာဆောင်သောသက်ရောက်မှုနှင့် နိုင်ငံတကာမှ အကောင်း ဆုံးသော ပညာရပ်များကို မျှဝေရန်နှင့် ပါဝင်ရရှိရန် ကျွန်ုပ်တို့ ပညာရပ်ဆိုင်ရာ ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများက အထူး ဆောင်ရွက်သွားမည်။
Visions (မျှော်မှန်းချက်)
- လူသားတို့၏ မွေးရာပါလူ့အခွင့်အရေး စံနှုန်းများကို ချိုးဖျက်၍ လူလူချင်း မတရားအင်အားသုံး ဖိနှိပ်ချုပ် ချယ် အနိုင်ကျင့်မှုအား မည်သည့်အခါမှ ပြန်လည်မပေါ်ပေါက်လာစေရန် တော်လှန် သမိုင်းမျိုးဆက်အား လက်ဆင့်ကမ်းသွားနိုင်ရမည်။
Values (တန်ဖိုးထားမှု)
အရည်အသွေးစံထားရှိမှု (Excellence)
အားလုံးအကျုံးဝင်သော အသိုက်အဝန်းတစ်ခုအား တည်ဆောက်ရန်၊ သင်ကြား – သင်ယူ ရေးအတွက် အောင်မြင်မှုများ၊ ဖန်တီးမှုရှိသော ပညာရေးလုပ်ငန်းစဥ်များနှင့် ပညာရေးဝန်ဆောင်မှုများရရှိရန် အခွင့် အလမ်းကောင်းများကိုထောက်ပံ့ရန်။
သင်ယူရေးဗဟိုပြုမှု (Learning – Centered)
လေးနက်စွာ ဆန်းစစ်တွေးခေါ်တတ်ရန်နှင့် ပညာရေးဆိုင်ရာ စံကျင့်ဝတ်များကို အလေးထားတတ်စေရန် အတွက် ပြုစုပျိုးထောင်ပေးရန်။ ပညာရပ်ဝန်းနှင့် လူထုရပ်ဝန်းတို့အား ချိတ်ဆက်လျက် လူမှုအခြေအနေနှင့် ပညာရပ်တိုးတက်မှုအတွက် သိလိုစိတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်၊ ဗဟုသုတရှာဖွေလိုစိတ်နှင့် စွမ်းရည်ကောင်း များ ရရှိရန်။
စုံလင်ကွဲပြားမှု (Diversity)
မတူညီသောယဥ်ကျေးမှုများကြားတွင် နားလည်မှုရရှိရန်၊ အပြန်အလှန်လေးစားရန်၊ တည်ကြည်ဖြောင့်မှန်ရန်၊ ပူးပေါင်းဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်များအောင်မြင်ရန်။
